Tayo's Spike Rush

[September 20, 2016] Fremont, CA, US

“ဒီကောင်လေးရဲ့နာမည်က တာယို ပါ။ သူအသက် ဆယ့်တစ်နှစ်ရှိပါပြီ။ ကျနော်ကို သူမကြာသေးခင် လုပ်ထားတဲ့ Spike Rush လို့ခေါ်တဲ့ ဂိမ်းပြပါတယ်။ ကျနော် ပထမဆုံး ကွန်ပျူ တာကို သူ့လိုအရွယ်မှာ စရပြီး ဂိမ်းတွေရေးပါတယ်။ ခက်ခဲနက်နဲပြီးအဆင့်မြင့်ရှုပ်ထွေးတဲ့ ဂိမ်းတွေကို ရိုးရှင်းတဲ့ ဂိမ်းတွေ ရေးပြီးစတင်ခြင်းကအဓိကအချက်လို့ ကျနော်အမြဲ ထင်ခဲ့ပါတယ်။ ကျနော့်ပထမဆုံး ဂိမ်းက တာယိုဂိမ်းထက် အများကြီးရိုးရှင်းပါတယ်။ ဒါပေမဲ့ ဘယ်အဆင့်ဘယ်အခြေနေမှာ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လုပ်ထားတဲ့ ဂိမ်းကိုကစားရတဲ့ ခံစားချက်က ဘာနဲ့လဲလို့မရပါဘူး။ Spike Rush ဂိမ်းက iOS App Store မှာရှိပါတယ်။ တာယိုနောက်ထပ်ပါရေးမလဲဆိုတာ ကျနော်သိချင်နေပါပြီ။” - မာခ့်ဇူကာဘတ်

Mark Zuckerberg praises Tayo's App, Spike Rush

တာယိုရဲ့ဂိမ်းကို ဒီကနေသွင်းပြီး ကစားကြည့်လို့ရပါတယ်။ https://itunes.apple.com/us/app/spike-rush/id1139011219

ဒီအပေါ်က ဓါတ်ပုံထဲမှာထူးခြားတာတစ်ခုက တာယို ရဲ့ဖုန်းနောက်က ကပ်ခွာ စတစ်ကာလေးပါ။ အဲဒီ အမှတ်တံဆိပ် ကကျနော်ဒီနွေရာသီမှာ သွားတက် ခဲ့တဲ့ကျောင်းရဲ့လိုဂိုပါ။ Make School လို့ခေါ်ပါတယ်။ နွေရာသီသင်တန်းလခ တော့များပါတယ်။ ဒီကအသိုင်းအဝိုင်းအတွက်ကတော့ပုံမှန်ပါ။ ကံကောင်းချင်တော့ ကျနော်ကို ပညာသင်ကြေး တစ်ဝက်ကျော်ကျော် လောက်ပေးပါတယ်။ ကျန်တာကို ကျနော် ကောလိပ် မှာနွေရာသီအတန်းနဲ့ ကျန်တဲ့ကုန်ကျစရိတ် ပေးရမယ့် အထဲကအာလုံးပေးလိုက်ပြီး သူငယ်ချင်းတစ်ယောက်အိမ်ကနေပြီး ကျောင်းတက်ခဲ့ပါတယ်။ ဘာရယ်တော့မဟုတ်ဘူး ယိုလို ကြည့်တာ။ တစ်ချို့ သူငယ်ချင်းတွေကကျနော်ကိုပြောပါတယ်။ အလကား Youtube ကနေကြည့်ပြီး Google ရှာပြီးလုပ်လို့ရတယ်ဆိုပြီး။ ဘာလို့ပိုက်ဆံသွားအကုန်ခံမလဲဆိုပြီး။ တစ်ချို့ မြန်မာသူငယ်ချင်းတွေပါ၊ ဟားဟား သူတို့ပြောတာလဲမမှားပါဘူး။ ဒါပေမဲ့ ဒီကျောင်းက App/Game တွေရေးနည်းသင်ပေးတဲ့ကျောင်းတစ်ခု Coding Bootcamp တစ်ခုထက်အများကြီးပိုပါတယ်။

မနက်ခြောက်နာရီထပြင်ဆင်၊ သူငယ်ချင်းအိမ်ကနေ Fremont Bart ရထားဘူတာကို လမ်းလျှောက်သွား၊ ကျနော်နေတဲ့မြို့လေး Fremont ကနေ San Francisco ကိုတစ်နာရီကျော်ကျော်လောက် ရထားစီး၊ ဟိုကိုရောက် Civic Center/ UN Plaza ဘူတာကနေ Mission Street ပေါ်မှာရှိတဲ့ကျောင်းကိုလမ်းလျှောက်ပြီးထပ်သွားရပါတယ်။ ကိုးနာရီမှာ အတန်းစပြီး ညနေငါးနာရီ အတန်းပြီးပါတယ်။ နေ့လည်စာ စားဘို့တစ်နာရီ အချိန်ရပါတယ်။ ပုံမှန်ည ရှစ်နာရီ ကိုးနာရီမှအိမ်ပြန်ရောက်ပါတယ်။ ကွန်ပျူတာသုံးရင်း ရထားကြမ်းခင်းပေါ်မှာအိပ်ပျော်ခဲ့တဲ့နေ့တွေ ဘူတာကျော်တဲ့နေ့တွေ ရထားမမှီတဲ့နေ့တွေအများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ပင်ပန်းရကောင်းမှန်းသတိမရှိခဲ့ပါ။ ပထမဆုံး ဘာမှ စမလုပ်ခင်လုပ်ရတာ က Stand-up Meeting လို့ခေါ်တဲ့ တစ်ဖွဲ့လုံး အခန်းတောင့်တစ်နေရာမှာ စုပြီးမတ်တပ်ရပ်ပြီး ကိုယ်ဒီနေ့ဘာလုပ်မလဲ မနေ့က ဘာတွေလုပ်ဖြစ်ခဲ့လည်း ဘာအသစ်တွေသိခဲ့ရလဲဆိုပြီး တစ်ယောက်ကို တစ်မိနစ်လောက် ပြောရပါတယ်။ ဒီက စီလီကွန်တောင်ကြားကကုမ္မဏီတွေမှာ ကျင့်သုံးတဲ့ အလေ့အထလို့ပြောပါတယ်။

Bus Station

ပြီးရင် ပထမနှစ်ပတ်လောက်ကို တစ်ယောက်နဲ့တစ်ယောက် အရင်ရင်းနှီးအောင် အဖွဲ့တွေခွဲပြီးဂိမ်းကစားနည်း တွေဆော့ရပါတယ်။ စဉ်းစားစရာပါ။ ကျနော်တို့မြန်မာအသိုင်းအဝန်းအတွေးနဲ့ဆိုရင် ငါ့ကလေးကို ကွန်ပျူတာနဲ့ ဂိမ်းလုပ်နည်း အပ်လီကေးရှင်းလုပ်နည်းသင်ဘို့ပို့ထားတာ။ ဒီမှာတော့ ကွန်ပျူတာရှေ့ထိုင်မနေဘဲ တောင်ပြေးမြောက်ပြေး ကစားနည်းတွေဆော့ ခိုင်းနေတယ်။ ကျနော်တို့ သိကြတဲ့အတိုင်းဂိမ်းဆော့ရင်း အသင်းအဖွဲ့စိတ်ဓါတ်တွေရပါတယ်။ နောက်တစ်ခု ရှိတာ သူတို့ အဓိကဖြစ်ချင်တာက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်တိတိကျကျ ဆက်သွယ်တက်အောင်ပါ။ အဲဒါ က project စီမံကိန်းတစ်ခုလုပ်တဲ့နေရာမှာ အရမ်းအသုံးဝင်ပါတယ်။ ဥပမာ၊ ဖုန်းဖြစ်ဖြစ်ဝက်ဆိုက်ဖြစ်ဖြစ်အပ်လီကေးရှင်း တစ်ခုရေးရင် အရှေ့ပိုင်းမှာအသုံးပြုသူတွေအတွက် ဦးစားပေးလုပ်ဆောင်ပေးရတဲ့ အပိုင်းကို ကိုင်တွယ်တဲ့အဖွဲ့ ရှိသလို အနောက်ဘက်ဆာဗာပိုင်း အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ထိန်းသိမ်းတဲ့ အဖွဲ့တွေလည်းရှိပါတယ်။ ဒါ့အပြင်အခြား အစိတ်အပိုင်းတွေ အများကြီးရှိပါသေးတယ်။ ဒါကကိုယ့်အဖွဲ့ကလူတွေနဲ့တင်မဟုတ်ပါ။ အလုပ်လာအပ်ကြတဲ့ဖောက်သည်တွေနဲ့လည်း ပြောဆိုဆက်ဆံတာတွေလည်းပါပါတယ်။ အဲဒီတော့ တကယ့်အလုပ်ခွင်မှာ ကိုယ်ကဘယ်လောက် ပရိုဂရမ်တွေရေးတတ်ရေးတတ် တိတိကျကျ ထိထိရောက်ရောက် ပြောတတ်ဆိုတတ် ရှင်းပြတတ် ဆက်သွယ်တတ် ဖို့ကလည်းအရေးကြီးကြောင်း သင်ပေးလိုက်တာဖြစ်ပါတယ်။

အဲဒါအပြင် အဲဒီ ကစားနည်းတွေ ကနေကြီးကြီးမားမား တစ်ခုသင်ယူလိုက်ရပါတယ်။ အဲဒါကတော့ ကစားလို့ တစ်ယောက်ယောက် ကအမှားလုပ်မိလို့ ရှုံးတိုင်းအားလုံးက လက်ခုပ်တီးပြီး အားပေးရပါတယ်။ ကျနော်တို့ ငယ်ငယ်လေးကတည်းက ဘာ ကစားကစား ရှုံးထွက်ဆိုတာဘဲ ကြားဖူးခဲ့ပါတယ်။ အခုဟာက ဒီရာစုနှစ်လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်ပုံတွေကို လုံးလုံးပြောင်းလဲ ပေးလိုက်တာပါ။ မှားမှားမှန်မှန် ကြောက်မနေဘဲ လုပ်ရဲအောင် သင်ပေးလိုက်တာပါ။ အမှားလုပ်မိလဲ အနောက်ကနေ အပြစ်မပြောဘဲ ထောက်ပံ့ပြီး အားပေးနေမဲ့ အဖွဲ့အစည်းကြီးရှိတယ်ဆိုတဲ့ အတွေးသွင်းထားပေးတာပါ။ အားရရပါတယ်။ အားလဲကျရပါတယ်။ ကျနော်တို့ မြန်မာဓလေ့ကတော့ ဘာလုပ်လုပ်ခွင့်တောင်းရပါတယ်။ ခွင့်တောင်းပါ ဆိုတဲ့ကဗျာလည်း သင်ဖူးခဲ့ရပါတယ်။ ဒီက ဂူဂယ်တို့လို ရှေ့ပြေးနေတဲ့ ကုမ္မဏီတွေမှာ ကျတော့ အရင်လုပ်တာ ကိုဦးစားပေးပါတယ်။ ပြီးမှ အမှားလုပ်မိရင်တော့ တောင်းပန်ဘို့ အဆင်သင့်လုပ်ထားပေါ့။ ဘာမှခွင့်ပြု ချက်တောင်းမနေနဲ့။ မင်းလုပ်နိုင်တာကိုသာ အရင်လုပ်ပြသွား။ စည်းမျည်းစည်းကမ်းတွေဖောက်ရင်လည်းဖောက်လိုက်ပါ။ ပြီးမှ ကျန်တာဆက်စဉ်းစားပါ။ အဓိပ္ပာယ်က လူတွေကို လူတွေကသတ်မှတ်ထားတဲ့ စည်းစနစ်တွေနဲ့ ကန့်သတ်မှုတွေမထားစေချင်လို့ဘာ။ အဲဒါကြောင့်လည်း ဂူဂယ်က လမ်းတွေကြည့်တဲ့ နည်းပညာမှာ လမ်းသွားလမ်းလာတွေရဲ့ မျက်နှာတွေကို မဝါးဘဲအရင်ရိုက်ပြီး တင်လိုက်လို့ ပြဿနာတွေ နဲ့ရင်ဆိုင်လိုက်ရပါတယ်။

အဲဒီလို ကစားနည်းတွေအပြင် ပထမအပတ်မှာဘဲ programming အခြေခံ နဲ့ OOP တွေကိုအပြီးလုပ်ရပါတယ်။ ပြီးတာနဲ့ ကျနော် သူငယ်ချင်းတွေ ဝေဖန်ခဲ့တဲ့ အတိုင်းကျောင်းကသူတို့လုပ်ပေးထားတဲ့ သင်ခန်းစာတွေ ယူကျူ ဗီဒီယိုတွေ ဂူဂယ်တွေစရှာ ရတော့ပါတယ်။ ဒါပေမဲ့ တစ်ခုကောင်းတာက ဆရာက ကျောင်းသားဘယ်လောက် တလွဲ လုပ်လုပ် အပြစ်မပြောဘူး။ ဘာလုပ်လုပ်ကျောင်းသား အမှန်တွေကြီးဘဲ။ ပြီးတော့မှ အာပေါက်အောင်ပြန်ရှင်းရော အစအဆုံး။ တစ်ခါတစ်လေ ဆရာကမသိတာတွေရှိရင် သိတဲ့လူရှိလားဆိုပြီး ကျောင်းသားတွေကိုပြန်မေးတယ်။ အဲဒီဆရာတွေကလည်းဒီနည်းပညာလောကမှာတော်တော်အတွေ့အကြုံရှိပြီးသားဆရာတွေပါ။ သိတဲ့ကျောင်းသားရှိရင် အချင်းချင်းပြန်ရှင်းပြရတယ်။

Make School

ကျနော်ဘေးက ထိုင်တဲ့ကောင်လေးဆိုရင် တစ်ခါသူကိုယ်တိုင် ဆရာတွေရောကျောင်းသားတွေဘာ သူပိုင်တဲ့ အပိုင်းကို Presentation လုပ်ပြီးပြန်ရှင်းပြပေးတယ်။ ကျောင်းတစ်ခု သင်တန်းတစ်ခုထက် စာရင် ပညာဖလှယ်တဲ့ အဖွဲ့အစည်းတစ်ခုလိုလုပ်ပေးထားတယ်။ အပတ်တိုင်း စီလီကွန် တောင်ကြားမှာရှိတဲ့ CEO တွေလာပြီး ကျောင်းမှာ ဟောပြောပွဲတွေလုပ်တယ်။ ကျောင်းသားတွေက အလုပ်ခွင်ကလူတွေကို တိုက်ရိုက် မေးခွန်းတွေမေးပြီး သူတို့ရဲ့ အနာဂါတ်အတွက် ပိုသေချာအောင် လုပ်ပိုင်ခွင့်တွေရှိလာတယ်။ ဒါဟာလည်း လက်ရှိပညာရေးစနစ်မှာ ကျောင်းသားတိုင်းမရနိုင်တဲ့ လိုအပ်ချက်တစ်ခုလိုဖြစ်နေတယ်။ ယခုလက်ရှိတက္ကသိုလ်ကျောင်းသားအများစုက လုပ်ငန်းခွင်နဲ့ အထိအတွေ့အရမ်း နည်းပြီး စာတွေ့တွေကြီး လုပ်နေရတဲ့အခါ ရည်မှန်းချက်တွေပျောက်လာတတ်ကြတယ်။ သူတို့ရဲ့ အနီးအနားကြည့်ရင် တက္ကသိုလ်ကျောင်းဆရာတွေဘဲဖြစ်နေတယ်။ ဒီဘက်အပိုင်းမှာတော့ တစ်ခုကောင်းတာက အဲဒီကျောင်းဆရာတွေကိုယ်တိုင်က နည်းပညာကုမ္မဏီတော်တော်များများမှာ ရင်းနှီးမြှုပ်နှံထားပြီး အကြံပေးတွေ ဖြစ်နေတတ်တယ်။ နောက်တစ်ချက်က အလုပ်သင်ခန့်တဲ့ကုမ္မဏီတွေကလည်း လိုအပ်ချက်တွေတောင်းဆိုမှုတွေကများလာတယ်။ အလုပ်သင်နေရာရဲ့တကယ့်ဖြစ်ရမဲ့အချက်က ကျောင်းသားက ဒီလုပ်ငန်းခွင်လက်တွေ့ဘဝကို သိအောင်စာတွေ့နဲ့ ဆက်စပ်နိုင်အောင်ပါ။ ရယ်စရာအနေနဲ့ပြောရင် အလုပ်သင်ခန့်တာ အတွေ့အကြုံလုပ်သက် တောင်းတာမျိုးတွေပါဖြစ်တတ်တယ်။

တစ်ရက်ဟောပြောပွဲတစ်ခုမှာ ကျနော်ဘေးနားကို ကောင်လေးတစ်ယောက်လာထိုင်တယ်။ အသက်မေးကြည့်တစ်ဆယ့်သုံးနှစ်တဲ့။ အစ်ကိုတွေအစ်မတွေနဲ့လာတာလား မေးကြည့်တော့တစ်ယောက်တည်းတဲ့။ အစက နောက်သူငယ်ချင်းနှစ်ယောက်နဲ့လာမလို့တဲ့။ သူတို့ကိုသူတို့မိဘတွေက ဥရောပဘက်နွေရာသီ ဘောလုံးသင်တန်းစခန်းပို့လိုက်လို့တဲ့။ သူ့ကိုတော့သူ့မိဘတွေက ဒီကိုဘဲ လာတက်စေချင်တာတဲ့။ ကျနော် ကစစတော့ဒီချာတိတ်ဆိုတဲ့အတွေးကဝင်သေးတယ်။ ပြီးတော့မှ ကျနော်နဲ့တူတူဘဲတက်နေတာ။ အားလုံးကလည်းသူကို လူကြီးတစ်ယောက်လိုဘဲဆက်ဆံတယ်။ သူကိုယ်သူလည်းလူကြီးတစ်ယောက်လိုဘဲနေတယ်။ အဲဒါတွေကလည်း စကားပြောတယ်။ ကျနော်အသိုင်းအဝိုင်းမှာ ကလေးတစ်ယောက်လူရာသွင်းခံရဘို့ကာရှားပါတယ်။ လူကြီးစကားပြောနေတယ်ဝင်မပြောနဲ့။ သွားသွားဝေးဝေးသွားနေ။ ဒီနားမှာလာမရှုပ်နဲ့။ ကျနော်တို့ကြားနေကြ စကားတွေပါ။

Jeremy with his mother, Joanna Hoffman at Make School.png

သောကြာနေ့ညနေတိုင်း ကျောင်းမှာနေပြီး နောက်ကျမှ ပြန်ပြီးဂိမ်းတွေဆော့လို့ရပါတယ်။ ကျောင်းထောင်ထားတဲ့ အစ်ကိုကြီးနှစ်ယောက်စလုံးလည်းဝင်ဆော့ကြပါတယ်။ နှစ်ယောက်ထဲကတစ်ယောက်ရဲ့အမေက စတီဗ်ဂျော့ရဲ့အားထားရတဲ့လူယုံတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အရင်နှစ်တွေမှာတော့ ကျောင်းကိုလာပြီး အတွေအကြုံတွေကိုပြန်ပြောပြတာတွေရှိခဲ့ပါတယ်။ ဒီနွေရာသီသင်တန်းမှာ ပထမဆုံးသော် Virtual Reality ဂိမ်းရေးတဲ့ သင်တန်းရှိတော့သူတို့ထွင်ထားတဲ့ ဂိမ်းတွေ Steam Store မရောက်ခင်တော်တော်ဆော့ခွင်ရလိုက်ပါတယ်။

Virtual Reality

ကျနော်နဲ့ အတန်းဖော်တွေအများစုက ဆယ့်တစ်တန်းကျောင်းသားတွေများပါတယ်။ နိုင်ငံခြားသားကျောင်းသားတွေလည်းအများကြီးပါတယ်။ တစ်ခြားပြည်နယ်က လာကြတာတွေလည်းပါပါတယ်။ အားလုံးကအချင်းချင်း တော်တော်ကူညီကြပါတယ် ဘာကြောင့်လည်းဆိုတော့ ဒီအဖွဲ့အစည်းကို ရင်းရင်းနှီးနှီးနဲ့ မိသားစုလိုဖြစ်အောင် လုပ်ပေးထားသောကြောင့်ပါ။ နောက်ထပ် အတွေ့အကြုံပေါင်းများစွာရခဲ့ပါတယ် နှစ်လအတွင်း။ ကုန်မှာတော့မဟုတ်ပါ ဆက်ရေးနေရင်။ နည်းပညာရပ်ဝန်းက လူပေါင်းတစ်ရာလောက်နည်းပါး နဲ့စကားပြောပြီးသူတို့အကြောင်းတွေးမေး ကိုယ့်အကြောင်းတွေ ပြောပြီး ဖလှယ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်လအတွေ့အကြုံတွေက ယူအက်စ် မှာနှစ်နှစ်တာ ကျောင်းတက်စဉ်အတွေ့အကြုံတွေထက် အများကြီးပိုများပါတယ်။ ကျနော် ရေးထားတဲ့ အပ်လီကေးရှင်းကတော့ ပြင်ဆင်စရာတွေရှိနေသေးသဖြင့် App Store ကနေပယ်ကျထားခံရပါတယ်။

လွန်ခဲ့သော် နှစ်ပတ်ခန့်က ဟက်ကာသွန် (Hackathon) နည်းပညာဆိုင်ရာ ပြိုင်ပွဲတစ်ခု မှာ ဒီကျောင်းက ကျောင်းသားဟောင်းတွေနဲ့ ထပ်တွေ့ပြီး တစ်ဖွဲ့တည်းကျခဲ့ပါတယ်။ အပြင်က ကွန်ပျူတာသိပ္ပံဘွဲ့ရ တစ်ယောက်လည်း ပါပါတယ်။ ဒါပေမဲ့ Make School ကျောင်းသားဟောင်းကပဲ ဦးဆောင်သွားပါတယ်။ ပွဲမစခင်မှာ ကျနော်ကိုဖုန်းခေါ်ပြီး ဘာကျွမ်းကျင်လည်းမေးပါတယ်။ ကျနော်လည်း လွန်ခဲ့သောနှစ်လခန့်လောက်မှ ဒါတွေကို စလေ့လာတာဆိုပြီးပြောတော့ ရတယ်ဘာမှသိစရာမလိုဘူးတဲ့။ မင်းဒီစာလုံးနာမည်လောက် ကြားဖူးရင်ရပြီတဲ့။ ပွဲလည်းရောက်တော့ ရတယ်တဲ့ အဓိကကတစ်ခုခုသိသွားဖို့ပဲတဲ့။ အခု Youtube ကြည့် Google မှာရှာဆိုပြီး တစ်ခါတည်းလေ့လာပြီး သူပါရှင်းပြပေးသွားပါတယ်။ ဒီကလူငယ်တွေရဲ့ အတွေးထဲမှာ ကဘာလာလာ သင်ယူမယ်၊ မသိရင်မေးမယ်။ လုပ်ကြ။ ချကြ။ လုံး၀ ဘူးဆိုတာမရှိသလောက်ပါ။ မသိဘူး မတတ်ဘူး မကြားဖူးဘူး။ သိအောင်လုပ်မယ်။ တတ်အောင်လုပ်မယ်။ ကြားဘူးအောင်လုပ်မယ်။ အဲဒါကြောင့် အထက်တန်းကျောင်းသားအရွယ်ကတည်း ကဒီက ကုမ္မဏီတွေမှာ အလုပ်သင်၊ အချိန်ပြည့်ဝင်လုပ်နိုင်နေတယ်ဆိုတာမဆန်းပါ။

TechCrunch Hackathon

နားကြပ်အဖြူနဲ့ တစ်ယောက်က Make School ကကျောင်းသားဟောင်းပဲဖြစ်ပါတယ်။

ကျနော်လည်း ဒီနွေရာသီ နှစ်လပြီးပြီး အဲဒီကသူငယ်ချင်းများ နည်းတူ အဲဒီကျောင်း၏နောက်ထပ် တက္ကသိုလ်အစားထိုး နှစ်နှစ်တက်ရန် ဆန္ဒပြင်းပြသော်ငြားလည်း ဗီဇာက ကျောင်းသားဗီဇာမပေးခြင်းကြောင့်နှင့် နောက် အချက်တစ်ချက်ကြောင့် စိတ်လျော့လိုက်ပါတယ်။ အဲဒါကတော့ ကျနော့်အိမ်ကလည်းသဘောမတူ၊ ဘယ်မြန်မာ အသိုင်းအဝန်းမှ လက်ခံမည်မဟုတ်သောအချက်ပါ။ အဲဒီအချက်ကတော့ ဒီကျောင်းက ဘွဲ့မပေးနိုင်သေးသောကြောင့်ပါ။ နောင်ပေးမယ့်လို့လည်းမမြင်ပါ။ ဘာလို့လည်းဆိုတော့ လက်ရှိပညာရေးစနစ်ကို တော်လှန်နေသောကြောင့်ပင်ဖြစ်ပါသည်။ သို့သော်လည်း ကျနော်ရဲ့အိမ်မက်တစ်ခုဖြစ်သော ဤကဲ့သို့ ခေတ်သစ်ပညာရေးစနစ်ကို မြန်မာနိုင်ငံမှလူငယ်များ တစ်နေ့ရရှိနိုင်ရမည်ဟုယုံကြည်ပါသည်။

Written on September 20, 2016