Vote, Election, Democracy...

[23:57 November 9, 2020] Azin, Kyeikdon

ဒီရွေးကောက်ပွဲကာလမှာ စာမဖတ်ဖြစ်တာကိုတော့ ကိုယ့်ဘာကိုမကျေနပ်ဘူး။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ အတွေ့အကြုံကို ရခွင့်ရလိုက်လို့ ကျေနပ်တယ်။

စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ၊ လွှတ်တော်ထဲ စစ်တပ်၂၅% ပြဿနာထက် ပြည်သူတွေကိုယ်တိုင်က သူတို့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ပါတီတွေကို ဘာကြောင့် မဲထည့်နေလဲဆိုတာနဲ့ ပိုဆိုင်နေတယ်လို့မြင်တယ်။ ၂၅% က နောင်တစ်ဆက်၊ နှစ်ဆက်လောက်ပြီးရင် လွှတ်တော်ထဲထွက်သွားခဲ့မယ်ဆိုရင်တောင်၊ ပြည်သူတွေရဲ့ နိုင်ငံရေးအသိဖွင့်ပေးဖို့က နောင်နှစ်ပေါင်းဘယ်လောက်ထိ ဆက်သွားနေမလဲဆိုတာကို တွေးမိတယ်။

အားလုံးကကောင်းစေချင်တဲ့ဆန္ဒတွေနဲ့ မဲပေးကြတာပဲ။ ဒါပေမဲ့ ကိုယ်ထည့်မယ့်မဲတစ်မဲရဲ့ အကောင်း၊ အဆိုး၊ အကျိုး၊ အကြောင်းကဘာလဲ။ ငါထည့်မယ့်ပါတီက ငါ့ရပ်ရွာအတွက်၊ ငါ့ဒေသအတွက်ပဲ မဟုတ်ပဲ ဒီပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာရှိတဲ့ အခြားသောတိုင်းရင်းသားပြည်သူတွေအားလုံးအတွက် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ သုံးသပ်တွေးခေါ်မှုတွေ ရှိကြမလား။

အခုမြင်တွေ့ခဲ့ရတဲ့ မဲဆွယ်ကာလနှစ်လတာက ဘာနဲ့တူလဲဆိုတော့ စာမေးပွဲ အနီးကပ်တစ်ရက်၊ နှစ်ရက်အလိုမှာ မေးခွန်းအလွတ်ကျက်တာနဲ့တူတယ်။ ဒီပုံ၊ ဒီအရောင်၊ ဒီနေရာမှာ ဒီတံဆိပ်ထု။ သုံးရွက် လုံးမှာထု။ လေးရွက်ရရင် လေးရွက်မြောက်မှာလည်း ဒီပုံကိုပဲထု။ ဘာ​ကြောင့်လဲဆိုတာထက် အဲဒီလိုမလုပ်ရင်ပယ်မဲဖြစ်မယ် စသည်ဖြင့်ဆွယ် ကြတယ်။

ငါးနှစ်လုံးလုံးက သူသူငါငါ သူ့အလုပ်၊ ကိုယ့်အလုပ်ပဲလုပ်ပြီးနေလာကြပြီးမှ ရုတ်တရက်နိုင်ငံရေးဘက်ရောက်လာကြတယ်။ ကြားဖြတ်ရွေးကောက်ပွဲကိုရော စိတ်ဝင်စားမှုဘယ်လောက်ရှိကြလဲတော့မသိဘူး။

မဲထည့်မယ့်နေ့မတိုင်ခင် တစ်ပတ်၊ နှစ်ပတ်အလိုမှာမှ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေ အပြိုင်မဲဆွယ်ကြတဲ့ မြင်ကွင်းက ဘာနဲ့တူလဲဆိုတော့၊ စာမေးပွဲ အခန်းထဲမဝင်ခင်မှာ ဒီမေးခွန်းကကောင်းတယ်၊ ပါနိုင်တယ်၊ ကြည့်ထား။ ဒါကိုထည့် ဒါမှဟိုဟာတွေပြောင်းနိုင်မယ်။ ဒါကိုကျက် ဒါကအောင်မှတ်ဖိုး။ ငါတို့အားလုံးက ဒါကိုကျက်ထားကြတယ်၊ ဒါကပါမှာ။ ငါကတော့ ဘယ်လူမျိုးမို့လို့၊ ဘယ်ပါတီပဲထည့်မယ်။ ငါကတော့ကျက်စာသမားမို့၊ ဒါပဲဖြေတော့မှာ။ နင်က တွက်စာသမားဆိုတော့ ဒါလေးသေချာကြည့်သွားလိုက်။ ငါ့ရဲ့ ဘယ်သူဘယ်ဝါ၊ ဘယ်ဆရာသမားကပြောတာ။ နင်လည်း ဒါလေး ကျက်သွားလိုက်၊ ဒီမေးခွန်းတွေ့ရင် အဲဒါလေးသာဖြေထည့်လိုက်။ ဒုတိယအကွက်မှာ ရွေးပြီးအမှန်ခြစ်လိုက်နော်။ စာမရတဲ့သူ သို့မဟုတ် နိုင်ငံရေးအခြေခံသဘောတရား နားမလည်တဲ့သူ၊ နိုင်ငံရေးခံယူချက်မရှိတဲ့သူတွေက မျက်စိသူငယ်၊ နားသူငယ်လေးနဲ့ကြည့်ပြီး အများ​လုပ်တာကိုပဲ လိုက်လုပ်လိုက်ကြရရှာတယ်။ အရမ်းသနားဖို့ကောင်းတဲ့မြင်ကွင်း။

အကြောက်တရားနဲ့ မဲဆွယ်တာရှိမယ်။ မက်လုံးပေးပြီးဆွယ်တာရှိမယ်။ အကုန်လုံးသေချာရှင်းပြပြီးဆွယ်တာလည်းရှိမယ်။ လူတွေရဲ့ အသိကိုဖွင့်ပြီးဆွယ်နိုင်ဖို့ ဆိုတာကလည်း စည်ရုံးတဲ့သူကိုယ်တိုင်က မှိုင်းမိနေရင်မထူးပါဘူးလေ။

ပြည်ထောင်စုလွှတ်တော် (အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်) နှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော် မှာဘယ်လို ကိုယ်စားလှယ်လောင်းတွေရှိသင့်တယ်၊ ဘယ်လို ကိုယ်စားလှယ်လောင်းတွေကို မဲပေးသင့်တယ်လို့ သေချာရှင်းပြပြီး မဲဆွယ်တာကတော့ ရှားမယ်။ ဘယ်တိုင်းဒေသ၊ ဘယ်ပြည်နယ်မှာတော့ ဘယ်ပါတီတွေရဲ့ ဘယ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကတော့ဘယ်ဒေသခံပြည်သူတွေအတွက် ပိုကောင်းမယ်စသဖြင့် ရှင်းပြတာ တွေ ရှိချင်လည်းရှိမယ်။ ဒါပေမဲ့ ပြည်သူတွေကလည်း အဲဒီလိုအသေးစိတ်ရှင်းပြတာကို လက်ခံပြီး၊ နားထောင်ချင်ပါ့မလား။ နားလည်နိုင်မယ့် အတွေးအခေါ်နဲ့၊ အခြေခံပညာရေးရော ရကြပြီလား။ မက်လုံး​တွေ၊ အကြောက်တရားတွေ၊ အိမ်မက်တွေပေးပြီးဆွယ်တာက ပိုအဆင်ပြေမနေဘူးလား။ ပိုပြီး စိတ်ဝင်စားဖို့ရောကောင်းမနေဘူးလား။ လူတွေက irrational creature တွေလေ။

၁၈ နှစ်ပြည့်ရင်မဲ ထည့်လို့ရတယ်။ အသက် ၁၅ - ၁၆ မှာဆယ်တန်းပြီးတယ်။ ၁၀ တန်းအထိက အခြေခံ နိုင်ငံရေးသိပ္ပံအတန်းဆိုပြီး တစ်ခါမှမရှိခဲ့ဘူး။ အဲဒီလို သင်ရိုးထည့်သွင်းဖို့ လွှတ်တော်မှာအဆိုပြုတင်သွင်းခဲ့တာ ရှိမရှိတော့မသိဘူး။ ရှိလာဖို့လည်းမသေချာဘူး။ ၁၂ တန်းပညာရေးရဲ့ သင်ရိုးမှာရောပါ၊ မပါ မသေချာဘူး။ တက္ကသိုလ်မှာရော အနည်းအကျင်းလောက် သင်ရဖို့ ဖြစ်နိုင်မလား။ အထူးပြုတဲ့ ဘာသာရပ်ပေါ်မှာမူတည်ပြီးတော့ရှိကောင်း ရှိနိုင်မယ်။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါးဝတဲ့သူတွေ၊ နိုင်ငံရေးကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွား လုပ်စားနေကြတဲ့သူတွေကရော အများပြည်သူတွေနိုင်ငံရေးနဲ့ ပတ်သက်ပြီးနားလည်လာတာတွေ၊ စိတ်ဝင်စားမှုရှိလာ​တာတွေ လက်ခံကြိုဆို သဘောကျကြပါ့မလား။

ဘာလို့လည်းဆိုတော့ နိုင်ငံရေးကျွမ်းကျင်တဲ့ လူတန်းစား အလွှာကတော့ အများရဲ့ အပေါ်မှာနေပြီး ချယ်လည်ချင်သလို၊ ချယ်လည်နေကြမှာပဲလေ။

ဝါသနာပါတဲ့ သူတွေကတော့ရှာကြံပြီးလေ့လာကြလိမ့်မယ်။ လူအများစုက အဲဒီ အခြေခံသဘောတရားတွေကို နားမလည်ပဲ ဘယ်အချိန်ထိရှေ့ဆက် ပြီး မဲပေးသွားကြမလဲဆိုတာ စဥ်းစားစရာပဲ။

တစ်ချို့က ဒီမိုကရေစီသက်တမ်း မရင့်သေးလို့၊ အခုမှ ဒီမိုကရေစီ သက်တမ်းနှစ်ဆက်ပဲရှိသေးတယ်လို့ ဆိုပြီးပြောကြလိမ့်မယ်။ ဒါဆိုရင် ငါးနှစ်တစ်ခါနှုန်းနဲ့နောက် ဘယ်နှစ်ဆက်လောက်ရောက်တဲ့အချိန်မှ ပြည်သူတွေ ပိုပြီးနားလည်လာကြမလဲ။

မြန်မာပြည်ရဲ့ ပညာရေးမှာရော၊ ကျောင်းတွေမှာရော မဲပေးတဲ့စနစ်တွေ တစ်ခါတည်းထည့်ပြီး လေ့ကျင့်ပေးတာမျိုးမရှိဘူးလား။ ဥပမာ၊ အတန်းခေါင်းဆောင်ရွေးတာမျိုးလေတွေက အစ ကျောင်းတွေမှာ မဲပုံးတွေ၊ တံဆိပ်တုံးတွေထားရှိပြီးလေ့ကျင့်ပေးတာမျိုးတွေလုပ်ဖို့ မဖြစ်နိုင်ဘူးလား။

နောက်ဆုံး ကျောင်းပညာရေးစနစ်မှာ နိုင်ငံရေးအခြေခံကို ပြဌာန်းထားပြီး သင်ကြားမယ် ဆိုရင်တောင်၊ စာသင်ကျောင်းတွေမရှိတဲ့၊ မဖွံ့ဖြိုးသေးတဲ့ တောရွာဒေသကပြည်သူတွေ အတွက်ကရော။

အော် မြန်မာပြည်နဲ့ ဒီမိုကရေစီ၊ ဒီမိုကရေစီ…

Written on November 9, 2020