အမှတ်မရှိ၊ လမ်းမရှိ၊ ကီလီဗောတံတား

[10:03 August 28, 2020] Yangon
[08:27 August 3, 2021] Hpa-An

စက်ဝိုင်းရယ် ဒေါ်စိန်ရယ် ချစ်ထူးရယ် သြော် ဘဝတွေဘဝတွေ။

ဒီစာအုပ် ဖတ်နေတာမပြီးတော့ဘူး။ သုံးလေးမျက်နှာဖတ်ပြီးတိုင်းအတွေးလေးတွေဝင်ဝင်လာလို့ အခုကစိတ်မရှည်တော့ပဲချရေးလိုက်တာ စာအရှည်ကြီးဖြစ်သွားတယ်။ စိတ်ထဲမှာလည်းတော်တော်ပေါ့သွားတယ်။ စိတ်အေးအေးနဲ့ဆက်ပြီးဖတ်လို့ရသွားပြီ။ ရင်ပြည့်နေလို့ထပ်မစားပဲ နည်းနည်းလောက်ပြန်အန်ထုတ်လိုက်ရသလိုပဲ။ 😅

ကိုယ့်နိုင်ငံကအိမ်ခြေယာမဲ့တွေကိုအပြင်မှာများများစားစားနီးနီးကပ်ကပ်မမြင်ဖူးဘူးပေမဲ့ Sanfran တို့က homeless တွေကိုတော့နီးနီးကပ်ကပ်မြင်ဖူးခဲ့တယ်။ တံတားအောက်တွေမှာ၊ တိုက်ကြိုတိုက်ကြားတွေမှာ နေရာစုံပဲ။ တစ်ချို့က shopping mall က တွန်းလှည်းလေးတွေထဲမှာသူတို့ရဲ့ပစ္စည်းပစ္စယအစုံအလင်ထည့်ပြီး တွန်းပြီးလျှောက်သွားနေကြတယ်။ ဆေးစွဲနေတဲ့ သူတွေလည်းအများကြီးပါပဲ။ တံတားအောက်မှာ tent လေးတွေထိုးပြီးနေနေကြတဲ့သူတွေလည်းရှိကြတယ်။ အရမ်းခင်ရတဲ့သူငယ်ချင်းတစ်ယောက်ပြောဖူးတာတော့ SF ရဲ့ housing crisis ကိုသိချင်ရင် Senator Dianne Feinstein နဲ့ Nancy Pelosi တို့ရဲ့နိုင်ငံရေးသမိုင်းကြောင်းတွေ လေ့လာကြည့်လို့တော့ပြောတာပဲ။

တွီတာအသုံးပြုသူတစ်ယောက် ၂၀၂၁ သြဂုတ် ၃ ရက်နေ့မှာ ဆန်ဖရန်မြို့လေးနဲ့ ပတ်သက်ပြီးတင်ထားတာလေးတစ်ခု။
“This happened in a neighborhood with a large immigrant population. Would this happen in Presidio Heights, Russian Hill or anywhere near Pelosi’s residence the @sfpd would be there in a minute. Our authorities don’t really care about SF children, especially immigrant ones. 8/”

SF’s Housing Crisis အကြောင်းရှင်းပြထားတာ။
How Burrowing Owls Lead To Vomiting Anarchists (Or SF’s Housing Crisis Explained)

၂၀၁၆ လောက်တုန်းကပေါ့ Tech Crunch Hackathon လုပ်တဲ့ Pier 48 ကအပြန်မှာ ညကလည်းအိပ်ရေးမဝတဝနဲ့ထွက်လာတော့ လမ်းမှာအိပ်နေတဲ့ homeless တစ်ယောက်ကိုသွားတွေ့တယ်။ အော်ငါတို့ ဟိုအထဲမှာတော့ မိုးလုံလေလုံနဲ့ နည်းပညာကုမ္ပဏီတွေက sponsor ပေးထားတာတဲ့ အစားအသောက် ဘူဖေးတွေ၊ လက်ဆောင် freebies တွေ၊ ခေါင်းစွပ်ဆွယ်တာတွေ၊ လည်ပင်းပတ်ခေါင်းအုံးတွေ၊ အအေးလိုချင်ရင် လေအေးပေးစက်၊ အပူလိုချင်ရင် အပူပေးစက်တွေနဲ့ အဆင်ပြေနေချိန်မှာ ဒီအပြင်မှာတော့ သူတို့ကဒီလိုတွေနေနေကြရတယ်ဆိုတဲ့အတွေးကအရင်ဆုံးဝင်လာတယ်။

မဆိုင်းမတွဘဲ သူ့ဆီကိုဦးတည်ကာ လျှောက်သွားလိုက်ပြီး hackathon မှာတမှေးလောက်အိပ်ဖြစ်ရင် လိုလိုမယ်မယ်ယူခဲ့တဲ့စောင်ကြီးကို ဘေးမှာချပေးခဲ့လိုက်တယ်လေ။ သွားပြီးတော့လည်းမခြုံပေးရဲဘူး။ ထလာပြီးတော့ရန်ပြုနိုင်တယ်လေ။ ကံကောင်းထောက်မစွာနဲ့ပဲ သူကတော့အိပ်မောကျနေလေရဲ့။ ပြီးတော့ မသိမသာလေးဘဲ ထွက်ခဲ့လိုက်တယ်။

Graffiti
Garbage Bins

သူအိပ်နေတဲ့နေရာလေးက တိုက်နှစ်လုံးကြားထဲက alley မှာ။ တိုက်နံရံတွေပေါ်မှာတော့ graffiti ​​တွေရှိတယ်။ သူအိပ်နေတဲ့မနီးမဝေးမှာတော့ စည်ပင်ကချထားတဲ့အမှိုက်ပုံးကြီးအကြီးကြီးတလုံးလားနှစ်လုံးလားမသိဘူးရှိတယ်။ သူအိပ်နေတဲ့နေရာက ဘေးကတိုက်ရဲ့ အရေးပေါ်လှေကားအောက်နားလောက်မှာ။ အနီးနားတဝိုက်ကတိုက်တွေကိုကြည့်လိုက်ရင် Twitter, LinkedIn, Weebly, Airbnb တို့ရဲ့ ရုံးခန်းတွေရှိတဲ့နေရာတွေချည်းပဲ။ အခု​ဒီစာရေးနေရင်းနဲ့ပြန်စဥ်းစားမိတယ်။ သြော်… LinkedIn က professional လူမှုကွန်ယက်။ လူတွေအတွက်အလုပ်ကိုင်အခွင့်လမ်း အချိတ်အဆက် တွေကိုရှာပေးနိုင်တဲ့ platform တစ်ခု။ Airbnb ကတော့အိပ်ခန်း၊ အိမ်တွေရှာပေးတဲ့ platform တစ်ခု။ ဒါပေမဲ့လည်းနော် ဟိုလူတွေကတော့အလုပ်မဲ့အကိုင်မဲ့နဲ့ လမ်းဘေးမှာအိပ်နေကြရတာပါပဲ။ ဆန်ဖရန်စစ္စကို မြို့ကြီးကိုတစ်ခါတစ်လေတော့ လွမ်းမိပါရဲ့။

Weebly
LinkedIn

၂၀၂၀ မန္တလေးသွားလည်တုန်းက မန်းလေးကသူငယ်ချင်းကစိန်ပန်းရပ်လိုက်ပို့တယ်လေ။ အဲဒီစိန်ပန်းကနေဆင်းသွားပြီးကမ်းနားရောက်တော့ ကျူးတွေအများကြီးကိုတွေ့ခဲ့ရပြီးတွေးစရာတွေအများကြီးရခဲ့တယ်။ ကလေးတွေအများကြီးလမ်းပေါ်မှာပြေးလွှားနေကြတယ်။ တချို့ကလူကြီးတွေနဲ့ ဧရာဝတီမြစ်နောက်နောက်ကျိကျိထဲမှာရေဆော့ကစားနေကြတယ်။ လိုက်ပို့ပေးတဲ့သူငယ်ချင်းပြောပြတာတော့ အဲဒီ​ကျူးနေရာတွေမှာ ဆေးရှုတဲ့တဲလေးတွေလည်းရှိတယ်တဲ့။ အရင်တလောကပဲ ရဲတွေကသေနတ်တွေနဲ့တောင်ဝင်ဖမ်းရတာတဲ့။ ဟိုကဓားတွေနဲ့ပြန်ခုတ်မှာစိုးလို့ဆိုပြီး။ ဒီ အမှတ်မရှိ၊ လမ်းမရှိ၊ ကီလီဗောတံတားစာအုပ်ကိုလက်ဆောင်ပေးတဲ့သူငယ်ချင်းကိုပြောကြည့်တော့ သူတို့ကအလုပ်တွေပဲလုပ်ကြမှာတဲ့။ ကလေးတယောက်တယောက်လုပ်အားကမိသားစုအတွက်ဝင်ငွေမနည်းဘူးလေ။ မီးပွိုင့်တွေမှာပန်းရောင်းတာတို့၊ တောင်းရမ်းတာတို့၊ စသဖြင့်ပေါ့။ မိဘတွေက ကလေးတွေအများကြီးမွေးပြီးခိုင်းပဲခိုင်းစားကြတော့မှာ။ သြော်…ဒါဆိုရင် ဒီကလေးတွေရဲ့ပညာရေး၊ သူတို့ရဲ့အနာဂါတ်ကဘာလဲဆိုတာကိုအရင်ဆုံးတွေးမိတယ်။ ပြီးရင် ဒီနိုင်ငံကြီးရဲ့အနာဂါတ်ကရော။ ဒါဆိုရင် ဒီနိုင်ငံကြီးကို နောင်နှစ်ဘယ်လောက်ဆိုရင်တော့ဖြင့် ဘယ်နိုင်ငံထက်သာအောင်လုပ်မယ်ဆိုပြီး ပြည်သူတွေကိုပြောပြောနေကြတဲ့ သူတွေကရောဘာကိုဆိုလိုပြီးပြောချင်တာလဲပေါ့ စသဖြင့် ဆက်စပ်ပြီးအတွေးတွေအများကြီးဆက်ဝင်လာတယ်။

၂၀၁၇ လောက်တုန်းက myMe (Myanmar Mobile Education Project) တည်ထောင်သူ ကို Tim Aye-Hardy နဲ့တွေ့တုန်းက သူပြောဖူးတဲ့ စကားတစ်ခု အခုထိအမှတ်ရတယ်။ မင်းတို့လုပ်နေကြတဲ့ Ed-tech startups တွေကကျောင်းမှာရှိတဲ့ ကျောင်းနေကလေးတွေရဲ့အတန်းသင်ပညာရေးအတွက်ပေါ့ကွာ။ သူတို့အများစုကမိဘရှိကြတယ်။ ထောက်ပံ့မယ့်သူတွေရှိကြတယ်။ ကျူရှင်တွေတတ်နိုင်ကြတယ်။ အဲတော့မင်းတို့လုပ်တဲ့ ပညာရေးလုပ်ငန်းတွေက အခကြေးငွေကောက်လို့ရတဲ့ စျေးကွက်တစ်ခုထဲမှာရှိတယ်ကွ။ ငါတို့ကတော့ စီးပွားရေးသမားအများစုမကိုင်တွယ် မဖြေရှင်းချင်ကြတဲ့ သန်းနဲ့ချီပြီးရှိတဲ့ ကျောင်းပြင်ပမှာရောက်နေတဲ့ လက်ဖက်ရည်ဆိုင်တို့ လမ်းဘေးစားသောက်ဆိုင်တို့ စတဲ့နေရာတွေမှာ အလုပ်လုပ်နေတဲ့ကလေးတွေအတွက်ဆိုပြီးတော့ ပြောဖူးတယ်။ ကလေးဆိုလို့ မြန်မာပလာဇာရှေ့က အင်ယားကန်ဘောင်ဘက်က ဘတ်စ်ကားမှတ်တိုင်ခေါင်မိုးပေါ်မှာကော်ရှူရှူနေတဲ့ကလေးတွေတောင်သွားတွေးမိတယ်။ ဒီ ၂၀၂၀ သြဂုတ်လ ရန်ကုန်ခဏရောက်တုန်း လမ်းပေါ်တွေမှာ အလုပ်လုပ်နေကြတဲ့ ကလေးငယ်လေးတွေအများကြီး အရင်ကထက်ပိုတွေ့လာရတယ်။ တဖြည်းဖြည်းနဲ့ သူပြောခဲ့တာတွေအားလုံးကိုအရင်ကထက်ပိုပြီးလက်ခံနားလည်လို့ရပါတယ်။ ကို “ဟာဒီ” ကြီးလည်း ဘတ်စ်ကားတွေအများကြီးနဲ့ သင်ထောက်ကူပစ္စည်းအစုံနဲ့ ဆရာ/ဆရာမတွေနဲ့ နယ်တကာလှည့်ပြီး အတန်းပညာရော အသက်မွေးဝမ်းကြောင်းပညာရော ကလေးတွေကို သင်ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျွန်တော်ရဲ့ နောက်ဖြည့်ဆည်းချင်တဲ့ အိပ်မက်တစ်ခုကတော့ မြန်မာပြည်ရဲ့ အောက်ခြေလူတန်းစားကို အခြေခံလူတန်းစား၊ အခြေခံလူတန်းစားကို အလယ်အလတ်တန်းစား၊ အလယ်အလတ်တန်းစားကို အထက်တန်းစားဖြစ်လာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့အိမ်မက်ပါ။ အလယ်အလတ်တန်းစားမှာမှ upper နဲ့ lower ဆိုပြီးရှိဦးမှာပါ။ ဒါကလည်း အနည်းဆုံးဆယ်နှစ်လောက်ကြာမယ့် အိမ်မက်လေးတစ်ခုပါ။

Written on August 28, 2020