ငါးကလေး 🐠

[21:34 August 28, 2020] Yangon

Inspired by that one particular post. 💜

Coral Reef
The Coral Reef

ငါးကလေးနှင့် သူမ

အပိုင်း(၁)

[Updated: 5:12 August 29, 2020] Yangon

ငါးကလေးတစ်ကောင်လို လွတ်လွတ်လပ်လပ်ပဲ နေတတ်တဲ့ကျွန်တော်ဟာ တနေ့မှာတော့ မထင်မှတ်ဘဲ သူမရဲ့မွေးစားခြင်းကိုခံခဲ့ရပါတယ်။ ထိုနောက် ကျွန်တော့်ကိုလည်းငါးကလေးပိစိဆိုပြီးသူမနာမည်ပေးခဲ့တယ်။

ငါးကလေးကတော့ထုံးစံအတိုင်း တခြားဘာကိုမှဂရုမစိုက်ပဲ သူနေတတ်သလိုတွေနေတယ်။ ရေထဲမှာတွေ့တဲ့ တခြားအမျိုးအစားမတူတဲ့အကောင်လေးတွေနဲ့လည်း ပလူးရင်လည်းပလူးပလိုက်တယ်။ သူမ ငါးကလေးကိုမျက်စိဒေါက်ထောက်ကြည့်ပြီးအကဲခတ်နေခဲ့မှန်း ငါးကလေးမသိရှာခဲ့ပါဘူး။ တစ်ခါတစ်ရံသူမဟာ ငါးကလေးလိုပဲသူမရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြလေ့မရှိဘူးလေ။

ငါးကလေးကစိတ်မကြည်ရင် သူ့ဘာသာသူအေးအေးဆေးဆေး တစ်နေရာရာမှာ ငြိမ်ငြိမ်လေးနေတတ်တဲ့အကျင့်ရှိတယ်။ တခြားသူတွေကိုသူ့ကြောင့်စိတ်အနှောက်အယှက်မဖြစ်စေချင်ဘူးလေ။ အဲဒါကို သူမကသဘောမကျဘူးလေ။ အဲဒါကြောင့် ငါးကလေးကစိတ်အတက်အကျဘယ်လောက်ဖြစ်ဖြစ် သူမမျက်စိရှေ့မှာ ပျော်ပျော်လေး နေတတ်အောင် ကြိုးစားခဲ့တယ်။

သူမက ငါးကလေးကိုအမှတ်မထင်ပဲ သူမနဲ့မနီးတဲ့စမ်းချောင်းလေးတစ်ခုမှာတွေ့ရှိခဲ့ပြီး ငါးကလေးကိုမွေးစားမယ်ဆိုပြီးကတိတွေပေးခဲ့တယ်။ စစတုန်းက အဲဒါကို ငါးကလေးမကြိုက်ခဲ့ဘူး။ ငါးကလေးက သံယောဇဥ်မဲ့ အနှောင်အဖွဲ့ကင်းတဲ့ လွတ်လွတ်လပ်လပ်နေရတဲ့ဘဝမျိုးကိုပဲကြိုက်တာ။ ကြာလာတော့ ငါးကလေးသဘောကျမိလာတယ်။ ဘာကြောင့်လဲဆိုတော့ သူမကငါးကလေးကို မွေးစားတယ်ဆိုပေမဲ့ မချုပ်ချယ်ဘူးလေ။ စိတ်ရှည်ရှည်နဲ့ ငါးကလေးလုပ်သမျှကို နားလည်ပေးခဲ့တယ်။ ငါးကလေးကလည်း ငါးလည်။ သူမရဲ့စိတ်ကိုစမ်းတယ်။ ဘယ်အတိုင်းအတာထိက သူမရဲ့သည်းခံနိုင်စွမ်းလဲ။ သူမ မကြိုက်တာတွေကိုပဲ ငါးကလေးကရွေးလုပ်တယ်၊ ဒါပေမဲ့ သူမသိသိကြီးနဲ့ သည်းခံပေးပြီး နားလည်ပေးနိုင်ဖို့ကြိုးစားတယ်။ ငါးကလေးအဲဒါလေးတွေကို ကြည့်ပြီးသဘောကျနေခဲ့တယ်။ ဘာလို့လဲဆိုတော့ တကယ်မွေးစားဖြစ်ခဲ့ရင် သူမမွေးစားနိုင်ပါ့မလားဆိုတာကို ငါးကလေးအကဲခတ်နေခဲ့တာပါ။

သူမနဲ့ ငါးကလေးတို့စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။ သူတို့နှစ်ယောက်စလုံးမှာ သဘောထားချင်း မတိုက်ဆိုင်တာတွေ၊ အကြိုက်ချင်းမတူတာတွေရှိနေတာတောင်မှ စကားတွေဆက်ပြီးပြောနေခဲ့ကြတယ်။ သူမပြောသမျှကိုနားထောင်ပေးနေရတာကလည်း ငါးကလေးအတွက်ကစာအုပ်တစ်အုပ်ကိုဖတ်နေရသလိုပါပဲ။ ငါးကလေးအမြဲကျေနပ်နေခဲ့ရပါတယ်။

နားလည်ပေးပါတယ်။ ကောင်းကင်ကြီးလောက်ကို နားလည်ပေးလို့ရပါတယ်။ ငါးကလေးက လွတ်လပ်မှုရဲ့ အနှစ်သာရကိုကောင်းကောင်းသိသလို၊ အဲဒါကြီးရဲ့နောက်ကွယ်က တာဝန်ယူနိုင်မှု၊ တာဝန်ယူရဲမှု စတဲ့သဘောတရားတွေကိုလည်း ငါးကလေးနားလည်နေပါတယ်။

နောက်ဆုံးမှာတော့ ငါးကလေး သူမကိုကြည့်ပြီးသနားမိလာတယ်၊ အားနာသလိုတွေဖြစ်လာတယ်။ ငါးကလေးကြောင့် သူမအတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်လာခဲ့တယ်လေ။ တစ်နေ့သူမ အဆင်သင့်ဖြစ်လို့ မွေးစားခဲ့မယ်ဆိုရင် ငါးကလေးက ပျော်နေမှာ။ ဘာလို့လဲ သူမရဲ့မွေးစားမှုက ငါးကလေးကိုစစတွေ့တုန်းက သန့်ရှင်းတဲ့မေတ္တာတရားကိုအခြေခံထားတဲ့ စိတ်ကဖြစ်လာလို့ပါပဲ။ ဒါပေမဲ့လည်း ငါးကလေးနှုတ်ဆက်ခဲ့ပါတယ်။

“အရမ်းသတိရတာပဲဟာ … “ ဆိုပြီး ငါးကလေးစိတ်ထဲမှာပြောလိုက်တယ်။ ဒါပေမဲ့ သူမရှင်းပြဖူးတယ်။ တစ်စုံတစ်ယောက်ကိုသတိရတယ်ဆိုတာ အကြောင်းတစ်ခုခုဆက်စပ်ပြီးတော့သတိရသွားတာ။ လွမ်းတာကျတော့ ဆက်စပ်တဲ့အကြောင်းအရာမရှိပဲ အစိမ်းသက်သက်လွမ်းတာတဲ့။ ငါးကလေးစောစောကစိတ်ထဲမှာပြောတာကိုပြန်ပြင်ပြောလိုက်တယ်။ “အရမ်းလွမ်းတာပဲဟာ … “ တဲ့။

ပုံမှန် ငါးကလေးတွေရဲ့မှတ်ဥာဏ်ကမကောင်းဘူးဆိုပေမဲ့ ဒီအမှတ်တရဖြစ်ရပ်လေးတစ်ခုကိုတော့ငါးကလေးဘယ်တော့မှမေ့မှာမဟုတ်ဘူးဆိုတာကို သူမ သိချင်မှသိမှာပါ။ သိတဲ့တစ်နေ့ ငါးကလေးကိုပြန်လာရှာမယ်ဆိုတဲ့အိမ်မက်ကလေးကိုလည်း ငါးကလေးရူးရူးမိုက်မိုက်နဲ့ ဆက်ပြီးမက်နေဦးမှာပါ။

ငါးကလေး စိတ်အပန်းဖြေနိုင်ဖို့၊ ပင်လယ်လောကကြီးအကြောင်းပိုသိနိုင်ဖို့ အတွက် သူမထားခဲ့ပေးတဲ့ သန္တာကျောက်တန်းတွေကြားမှာ ငါးကလေးရဲ့ အချိန်တွေကို မသိမသာကျော်ဖြတ်ရင်း သူမကိုစောင့်နေမှာပါ။
ဟုတ်ပါတယ်။ ဒီလိုနဲ့ပဲ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ ကြရတာပါပဲ။

ငါးကလေးရဲ့မျက်ရည်တွေဟာ စမ်းချောင်းကလေးကို ပင်လယ်ဆားငံရည်သဖွယ်ပြောင်းသွားအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သူမ သိမှာမဟုတ်ပါဘူး။ ရေချိုစမ်းချောင်းကလေးကနေ ရေငံစမ်းချောင်းကလေးဖြစ်သွားတဲ့ တစ်နေ့မှာတော့ ငါးကလေးဟာ ဆက်လက်ပြီး ပင်လယ်ပြင်ကြီးထဲကို ကူးခတ်ထွက်ခွာသွားနိုင်ဖို့ ဆက်ကြိုးစားသွားမှာပါ။ ငါးကလေးကအကောင်သေးပေမဲ့ ကြီးမားတဲ့အိမ်မက်တွေရှိတယ်။ တစ်နေ့ကျရင် ငါးကလေးက သူမကိုပြန်မွေးစားနိုင်အောင်ကြိုးစားပြီး ဟိုးကျယ်ဝန်းနက်နဲပြီး အဆုံးအစမရှိတဲ့ သမုဒ္ဒရာထဲကိုခေါ်သွားချင်နေတာပါ။

~ ငါးကလေးပိစိ

“ကျွန်တော်တို့သည် ငြိမ်းချမ်းသော ခွဲခွာခြင်း၏ သဘောတရားကို ကောင်းကောင်းလက်ခံနားလည်ပြီးကျင့်သုံးနိုင်ပါက ဆုံဆည်းခြင်းမှန်သမျှသည် မွန်မြတ်သော မင်္ဂလာတရားပင်ဖြစ်နေပါမည်။” ~ ငါးကလေးပိစိ

အပိုင်း(၂)

[Updated: 20:22 Sep 5, 2020] Hpa-An

သူမ မထွက်သွားခဲ့ပါဘူး။ သူမထားခဲ့ပေးတဲ့ သန္တာကျောက်တန်းတွေကြားမှာ ပုန်းနေတဲ့ငါးကလေးကိုပြန်လာရှာတွေ့ပါတယ်။
သူမရဲ့ သန္တာကျောက်တန်းတွေက သွေးအေးသတ္တဝါတစ်ကောင်ဖြစ်တဲ့ငါးကလေးရဲ့နှလုံးသားကို နွေးထွေးလာစေပါတယ်။ ငါးကလေးပိစိဟာ အရင်တုန်းကလိုမဟုတ်တော့ပဲ တဖြေးဖြေးတည်ငြိမ်လာပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ အစွမ်းသတ္တိတွေဖြစ်ကောင်းဖြစ်လောက်မှာပါ။

ဒီလိုနဲ့ တစ်နေ့မှာ ငါးကလေးကသူမကိုပြောတယ် နောင်ဆိုရင်သူငါးမန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားမလားမသိဘူးတဲ့။
ငါးကလေးဆိုလိုတဲ့ ငါးမန်းဆိုတာကတော့ သူ့ဘာသာသူ ပင်လယ်သမုဒ္ဒရာထဲမှာ တစ်ကောင်တည်းအထီးကျန်ဆန်ဆန်နဲ့၊ သွေးအေးအေးနဲ့နေပြီးတခြား ရေသတ္တဝါတွေကို ရန်လိုတဲ့အမြင်နဲ့မြင်တတ်တဲ့ အကောင်တစ်မျိုးပါ။ အဲဒီငမန်းရဲ့ အရေခွံမှာလည်း ဒဏ်ရာဒဏ်ချက် အမာရွတ်တွေနဲ့ပါ။

ငါးကလေးမှာလည်း စိတ်အားငယ်မှုတွေဖြစ်တတ်တဲ့ အချိန်တွေရှိပါတယ်။ အဲဒီအချိန် တွေမှာ သူမပြောတာကိုနားထောင်ပေးနေရင်တောင်၊ ငါးကလေးရဲ့ခံစားမှုတွေ၊ အတွေးတွေ၊ နေ့စဥ်တွေ့ကြုံနေရတာတွေကို တဖြည်းဖြည်းနဲ့ ဖုံးကွယ်ပြီးနေသွားတတ်တယ်လေ။ ငါးကလေးရဲ့စိတ်ထဲမှာသူအရမ်းခံစားရတဲ့အခါ သူ့စိတ်ကို ကာကွယ်ဖို့အတွက် သူ့ရဲ့မူလသဏ္ဍာန်ကို အတင်းကြိုးစားပြောင်းလဲပြီးနေမိမှာလေ။

ငါးကလေးဟာ သန္တာကျောက်တန်းတွေကြားမှာ ရှိနေသ၍ကာလပတ်လုံး နွေးထွေးမှုတွေရနေသ၍တော့ ငါးမန်းတစ်ကောင်လိုမဖြစ်လာနိုင်ဘူးဆိုတာကို သူမယုံကြည်နေမယ်လို့ မျှော်လင့်နေမိပါတယ်။

အပိုင်း(၃)

[Updated: 20:22 Sep 5, 2020] Hpa-An

သူမရဲ့ စက်တင်ဘာလ ၁၂, ၂၀၂၀ မှာရေးခဲ့တဲ့စာအတိုင်းပါပဲ။
“ချစ်ရတဲ့ ငါးကလေးကို စမ်းချောင်းထဲ ပြန်လွှတ်လိုက်ပါပြီ။ သာယာချမ်းမြေ့ပါစေ ငါးကလေးရေ …” တဲ့။

Written on August 28, 2020